ယမန်နေ့မြန်မာစံတော်ချိန်(၁)နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression)ဟာ အိန္ဒိယနိုင်ငံ၊ ပူရီ(Puri)မြို့၊ တောင်-အရှေ့တောင်ဘက် မိုင်(၁၈၀)ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့ရဲ့ အရှေ့တောင်ဘက် မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ အဆိုပါအားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression)ဟာ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေပါတယ်။ ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။

ကျန် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ မုတ်သုံလေ အားနည်းနေပါမယ်။နေပြည်တော်နှင့်အနီးတစ်ဝိုက်၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။

 

 

Related News