မွန်ပြည်နယ် ကျိုက်မရောမြို့မှာ အတ္တရံမြစ်ရေကစိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိမှာတော့ ကျိုက်မရောမြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားလျှက်ရှိတယ်လို့ သိရပါတယ်။သြဂုတ်လ (၁၂)ရက်က မိုးသည်းထန်စွာရွာသွန်းတာကြောင့် မွန်ပြည်နယ်၊ကျိုက်မရောမြို့မှာရှိတဲ့ အတ္တရံမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ပြီး လက်ရှိမှာ (၅၇၀) စင်တီမီတာအထိ ရောက်ရှိနေတာကြောင့် ကျိုက်မရောမြို့တစ်မြို့လုံး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာဖြစ်ပြီး ကျိုက်မရော ထိုင်တော်မူဘုရားကြီး အထိကို ရေကြီးတာတွေဖြစ်ပေါ်နေတာပါ။ လက်ရှိမှာတော့ ရေကြီးမှုတွေဖြစ်ပေါ်နေတဲ့ ကျိုက်မရောမြို့ကို ကယ်ဆယ်ရေးအဖွဲ့အစည်းတွေရောက်ရှိနေပြီး ရေဘေးသင့်ဒေသမှပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါ့အပြင် ကျိုက်မရောမြို့အတွင်းမှာရှိတဲ့ ပေါင်းလောင်းကျေးရွာမှာလည်း ရေကြီးမှုဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။

ကျေးရွာဒေသတွေမှာရှိတဲ့ သောက်ရေတွင်း၊ ရေကန်တွေကို ရေတွေဖုံးလွှမ်းသွားတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သောက်သုံးရေအခက်အခဲရှိနေတယ်လို့ ပေါလောကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းအောင်က အခုလိုပြောပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ(၁၀)ရက်ကလည်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့မှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် မနေ့သြဂုတ်လ (၁၂)ရက်မှာတော့ ရေးမြို့ပေါ်မှာ ရေကျသွားပြီဖြစ် ပါတယ်။ရေးမြို့ပေါ်မှာရေကျသွားပြီဖြစ်ပေမယ့် မြေနိမ့်ပိုင်းကျေးရွာတစ်ချို့မှာတော့ ရေကြီးမှုဒဏ်ခံစား နေရသေးတယ်လို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်နီက ပြောပါတယ်။လက်ရှိမှာတော့ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ချောင်းရေကြီးမြင့်မှုကြောင့် ကျေးရွာ ၂၆ ရွာမှာ အိမ်ခြေ (၇၇၀၆)လုံး ရေကြီးနစ်မြုပ် ခဲ့ပါတယ်။ ဒါ့အပြင် ယာယီကယ်ဆယ်ရေးစခန်းတွေကိုတော့ ကျိုက်မရောမြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းခွဲနဲ့ အခြေခံပညာမူလတန်း (လွန်)ကျောင်းတို့မှာ  ဖွင့်လှစ်ထားရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းတွေအရ သိရပါတယ်။

 

 

Related News