ပြီးခဲ့တဲ့(၂၅) နှစ် အတွင်း ဂျပန်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့မုန်တိုင်းတွေထဲကအပြင်းထန်ဆုံးဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း “ဂျဲဘီ”ကြောင့် လူ(၁၁)ဦးသေဆုံးခဲ့ပြီလို့ စက်တင်ဘာလ(၅)ရက်ဒီနေ့မနက်ပိုင်းမှာ ဂျပန်အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံအနောက်ပိုင်းကို စက်တင်ဘာလ(၄)ရက်က ၀င်ရောက်ခဲ့ပြီး လက်ရှိမှာ အပူပိုင်းမုန်တိုင်းအနေနဲ့ပြောင်းလဲသတ်မှတ် ထားတဲ့တိုင်ဖွန်းမုန်တိုင်း“ဂျဲဘီ”ကြောင့် အနည်းဆုံးလူ(၁၁)ဦးသေဆုံးပြီး လူရာချီဒဏ်ရာရခဲ့တယ်လို့ NHKသတင်းဌာနက ဖော်ပြပါတယ်။ အပျက်အစီးဘယ်လောက်ရှိတယ်ဆိုတာ ဂျပန်အစိုးရက စစ်ဆေးနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။ စက်တင်ဘာလ(၄)ရက်မှာ မုန်တိုင်းစ၀င်ခဲ့တာကြောင့် “ကန်ဆာအီ”လေဆိပ်ကိုပိတ်ခဲ့ရတဲ့အတွက် လေကြောင်းခရီးစဉ် (၁၆၂)ခုကိုဖျက် သိမ်းခဲ့ရပြီး လူ(၃၀၀၀)လောက်လေဆိပ်မှာရှိနေပါတယ်။

“ကိုဘဲ”မြို့ကိုသွားမယ့်ခရီးသည်တွေအတွက် ကြိုပို့ယာဉ်တွေ စီစဉ်ပေးနေတယ်လို့သိရပါတယ်။ မုန်တိုင်းကြောင့်လေပြင်းတွေတိုက်ခဲ့တဲ့အတွက် လေဆိပ်နဲ့မြေပြင်ကို ဆက်သွယ်ပေးထားတဲ့တံတားကို လောင်စာဆီတင်သင်္ဘောတစ်စီးက ၀င်တိုက်မိခဲ့ပြီး ပြေးလမ်း(၁)ခုလည်းပျက်စီးခဲ့ပါတယ်။ သင်္ဘောအမှုထမ်း(၁၁)ဦးကိုကယ် ထုတ်နိုင်ခဲ့ပြီလို့သိရပါတယ်။ “ဂျဲဘီ”မုန်တိုင်းက ပြီးခဲ့တဲ့(၂၅)နှစ်အတွင်း ဂျပန်နိုင်ငံကို တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် ဒီရေကလည်း စံချိန်တင်မြင့်တက်နေပါတယ်။

“ဟျိုဂို”စီရင်စုမှာတော့ ရေတွေနဲ့ကားဘက်ထရီတွေထိခဲ့တာကြောင့် ကားအစီး(၁၀၀)လောက်မီးလောင်ခဲ့ပါတယ်။ မုန်တိုင်းဖြတ်ပြီးချိန်မှာ အပျက်အစီးတွေကိုရှင်းလင်းဖို့ပြင် ဆင်နေကြပြီး ကျည်ဆန်ရထားတွေလည်း စက်တင်ဘာလ(၅)ရက် ဒီနေ့မှာ ပြန်ပြေးဆွဲနေပေမဲ့ ဒေသတွင်းသွားရထားတွေက တော့ အချိန်နောက်ကျနေပါတယ်။ အိမ်ထောင်ချီမှာ လျှပ်စစ် ပြတ်တောက်နေပြီး “အိုဆာကာ”မြို့မှာ မီးပွိုင့်(၂၀၀၀)လောက် အ လုပ်မလုပ်ဘူးလို့သိရပါတယ်။ “ဂျဲဘီ”က လက်ရှိမှာ မြောက်ဘက်ကို ဦးတည်နေပြီလို့လည်း ဂျပန်မိုးလေ၀သအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

 

 

 

Related News