ဒုတိယအကြိမ် သတင်းမီဒီယာကောင်စီ   အလုပ်အမှုဆောင် ရွေးချယ်ပွဲကို စက်တင်ဘာ(၈)ရက်နေ့က ရန်ကုန်မြို့ Summit ParkView Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဟံသာဝတီ ဦးအုန်း ကြိုင်က အရွေးချယ်ခံခဲ့ရပါတယ်။ သတင်းမီဒီယာကောင်စီဝင်အဖြစ် အရွေးချယ်ခံထားရသူ(၂၉)ဦးက အချင်းချင်း မဲပေးတဲ့စနစ်နဲ့ရွေးချယ်ခဲ့တာဖြစ်ပြီး ဦးအုန်းကြိုင်က (၁၄)မဲရရှိကာ မဲအများဆုံးနဲ့ သက်တမ်းသစ် အတွက် ဥက္ကဌဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးအုန်းကြိုင် ဟာ ပထမအကြိမ် သတင်းမီဒီယာကောင်စီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်ပါတယ်။အခုအလုပ်အမှုဆောင်ရွေးချယ်ပွဲရဲ့ မဲရလာဒ်တွေအရ တတ်သိပညာရှင်ကိုယ်စားပြုပြီး သတင်းမီဒီယာကောင်စီမှာပါဝင် လာသူ ဒေါက်တာမျိုးသန့်တင်ကဒုတိယဥက္ကဋ္ဌ(၁) နဲ့သမ္မတကအဆိုပြုတဲ့ ကိုယ်စားလှယ်ဦးကျော်နိုင် (စာရေးဆရာထက်မြတ်) က ဒုတိယဥက္ကဌ(၂) ဖြစ်လာပါတယ်။သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူးအဖြစ်ကတော့ ဦးကျော်စွာမင်းက အရွေးခံခဲ့ရပြီး တွဲဖက်အတွင်း ရေးမှူး(၁)အဖြစ် ဦးမြင့်ကျော်နဲ့ တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ဦးလှိုင်းဇင်မင်းဝေ (သာလွန်ဇောင်းထက်) တို့က အရွေး ချယ်ခံခဲ့ရပါတယ်။

ကောင်စီဝင်တွေရဲ့ မဲပေး ရွေးချယ်မှုအရ ဦးမင်းဟန်က ဘဏ္ဍာရေးမှူးနဲ့ ဦးသိမ်းစိုး က စာရင်းစစ် ဖြစ်လာပါတယ်။ အခုရွေးချယ်လိုက်တဲ့ အလုပ်အမှုဆောင်ရှစ်ဦးရှိပြီး ကျန်တဲ့ (၂၁)ဦးကတော့ သတင်းမီဒီယာကောင်စီ အဖွဲ့ ၀င်အဖြစ်ရှိမှာဖြစ်ပါတယ်။ လက်ရှိသတင်းမီဒီယာကောင်စီဝင်စာရင်းတွေကိုတော့ သမ္မတထံအတည်ပြုချက်ရယူကာ  ရက်ပေါင်း (၃၀) အတွင်းကျမ်းကျိန်ရမှာဖြစ်ပါတယ်။သတင်းမီဒီယာကောင်စီရဲ့သက်တမ်းက သုံးနှစ်ဖြစ်ပါတယ်။ပထမအကြိမ် သတင်းမီဒီယာကောင်စီကို ၂၀၁၅ နိုဝင်ဘာ(၁၁)ရက်က အဖွဲ့ဝင် (၂၄)ဦး နဲ့စတင်ဖွဲ့စည်းခဲ့ပြီး အဲ့ဒီအထဲကအဖွဲ့ဝင်သုံးဦးကတော့လက်ရှိအစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယ၀န်ကြီးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

 

 

Related News