တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အနောက်တောင်ပိုင်းမှာ စက်တင်ဘာလ(၈)ရက်က ပြင်းအား(၅.၉)မဂ္ဂနီကျူ့ဒ်အဆင့်ရှိ ငလျင်လှုပ် ခဲ့ပြီးနောက် စုစုပေါင်းလူ(၁၅)ဦးဒဏ်ရာရခဲ့ပါတယ်။ ငလျင်ဟာ မြေအောက်အနက်(၁၁)ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ် ပြီး အဲဒီငလျင်ကြောင့် အိမ်ဒါဇင်ချီပျက်စီးခဲ့တယ်လို့ စီရင်စုအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ငလျင်ရဲ့တုန်ခါမှုဒဏ်ကို ပြည်နယ် မြို့တော်ကူမင်းအပါအ၀င် မွန်ဂျောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုကမြို့(၁၅)မြို့လည်း ခံစားခဲ့ရတယ်လို့သိရပါတယ်။ ငလျင်လှုပ် ခဲ့တဲ့အတွက် အရေးပေါ်တုံပြန်မှုတွေစတင်ဖို့နဲ့ အခင်းဖြစ်ပွားရာနေရာတွေကဒေသခံတွေကိုကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ပေးခဲ့တယ်လို့ တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကပြောပါတယ်။

တရုတ်ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေနဲ့ ဆေးဘက်ဆိုင်ရာအမှုထမ်း(၆၀၀)ကျော်ဟာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအတွက် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့သိရပါ တယ်။ ရွက်ဖျင်တဲ(၁၃၀၀)ကျော်၊ ဂွမ်းစောင်အထည်(၃၉၀၀)၊ အိပ်ယာအစုံ(၂၀၀၀)၊ ခေါက်ကုတင်(၂၀၀၀)နဲ့ ရေစိုခံအ၀တ်အ ထည်(၆၀၀)ကိုငလျင်ကြောင့်ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေအတွက်ပေးပို့ထားတယ်လို့ဒေသအာဏာပိုင်တွေကပြောပါတယ်။ ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမှာရှိခဲ့တဲ့ ထောင်းဂွမ်စီရင်စုထဲက အစိတ်အပိုင်းအတော်များများမှာ ယာဉ်အသွားအလာ၊ ဖုန်းဆက် သွယ်မှုနဲ့ လျှပ်စစ်ဓာတ်အားပေးတာတွေအားလုံးနီးပါး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီလို့သိရပါတယ်။

 

 

 

Related News