နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ဖွင့်လှစ်ထားတဲ့ သုခအလင်းပညာဒါနကျောင်း မှာ ဂီတအခမဲ့သင်တန်းကို ပထမဦးဆုံး အကြိမ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ချိန်မှာတင် စိတ်ဝင်စားသူများပြားတာကိုလည်း တွေ့ရပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာရှိတဲ့သုခအလင်းပညာဒါနသင်တန်းကျောင်းကို(၂၀၀၇)ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး ဒီသင်တန်းကျောင်းကိုအသက်မွေးဝမ်းကြောင်းပညာရပ်တွေနဲ့အသက်မွေးလိုတဲ့လူငယ်တွေကိုသင်ကြားပေးနိုင်ဖို့ရည်ရွယ်ဖွင့်လှစ်ခဲ့တာပါ။ အသက်မွေးဝမ်းကျောင်းပညာရပ် (၁၂) မျိုး သင်ကြားပေးနေတဲ့ အပြင် အခုဆိုရင် ဂီတကို ဝါသနာပါတဲ့ လူငယ်တွေအတွက် ဂီတအခမဲ့သင်တန်းရဲ့ ပထမခြေလှမ်းအဖြစ် တယောသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။  ဒီသင်တန်းကို ဂီတပညာရှင် ဦးတင်ရီက သင်ကြားချင်တာကြောင့် နာရေးကူညီမှုအသင်းက ဥက္ကဌ ဦးကျော်သူရဲ့ ခွင့်ပြုချက်နဲ့ သင်ကြားပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးတင်ရီအနေနဲ့ကလည်း သူအသက်ရှိစဉ်ကာလမှာ ဂီတအမွေကို လက်ဆင့် ကမ်းခဲ့ချင်တဲ့ ဆန္ဒတွေကြောင့် အခုလို သင်တန်းသင်ကြားဖြစ်တာဖြစ်တယ်လို့ ပြောပါတယ်။

သင်ကြားရာမှာလည်း တယောနဲ့ တီးခတ်နိုင်မယ့် မြန်မာသံစဉ်သီချင်းတွေနဲ့ ခေတ်တေးသီချင်းတွေကို အခြေခံက စတင်သင်ကြားပေးမှာ ဖြစ်တယ်လို့ တယောဦးတင်ရီင်္က ပြောပါတယ်။ ဂီတအခမဲ့ သင်တန်းမှာ သင်တန်းသား(၅၀)ဦးတက်ရောက်သင်ကြားနေပါတယ်။ ဂီတသင်တန်းဆိုတာ အပြင်မှာ တက်ရောက်ရင် ငွေကုန်ကြေးကျများပြားတာကြောင့် အခုလို အခမဲ့ တက်ရောက်ရတာဟာ ပညာတွေလည်း ရရှိသလို ငွေကုန်ကြေးကျ သက်သာတာကြောင့် အဆင်ပြေစေတယ်လို့ သင်တန်းသူ မေသက်ထားအောင်က ပြောပါတယ်။ သုခအလင်းပညာဒါနသင်တန်းကျောင်းမှာ ဂီတအခမဲ့သင်တန်းကို စက်တင်ဘာ(၈)ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး (၃)လတာ သင်တန်းပေးသွားမှာလည်း ဖြစ်ပါတယ်။ တယော(၃)လအပြီးမှာတော့ နောက်ထပ်သင်တန်းတွေ ဖြစ်တဲ့ ဂစ်တာသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားဖို့ ရှိနေတယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)က သုခအလင်းပညာဒါနသင်တန်းကျောင်းမှာ လာရောက် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

 

 

 

Related News