မန္တလေးတိုင်းဒေသကြီးမှာ (၈)လအတွင်း  ယာဉ်မတော်တဆမှုပေါင်း (၁၅၀၀) ကျော် ဖြစ်ပွားခဲ့ပြီး သေးဆုးံထိခိုက်မှုတွေရှိခဲ့လို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မန္တလေး သတင်းအဖွဲ့မှ နေဇော်ဦးက တင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ မှ သြဂုတ်လ အထိ (၈)လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း (၁၅၃၈) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၉၅) ဦးရှိကာ ဒဏ်ရာရရှိသူ (၂၃၀၃) ဦး ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကား၊ ဆိုင်ကယ် စတဲ့ယာဉ်တွေကို အသုံးပြုသူများပေမဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာမှုမှာ အားနည်းတယ်လို့ တာဝန်ရှိတွေက ပြောပါတယ်။ ဒါကြောင့် ပြည်သူတွေ ယာဉ်အန္တရာယ်၊ လမ်းအ န္တရာယ် ကင်းရှင်းစေဖို့နဲ့ အသက်အန္တရာယ် ထိခိုက်မှု လျော့နည်းစေဖို့အတွက် မန္တလေးမြို့ အခြေစိုက် ယာဉ်ထိန်းတပ်ဖွဲ့တွေက အသိပညာပေးတာတွေ ဆောင်ရွက်နေတယ်လို့  မဟာအောင်မြေမြို့နယ် အမှတ်(၉၀) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမျိုးလွင်အောင် က ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ပညာပေးအစီအစဉ်တွေကို  မန္တလေးမြို့ ၇၃ လမ်းနဲ့ သိပ္ပံလမ်းဒေါင့်၊ မန္တလေး ဘူတာကြီးရှေ့၊ ၇၈လမ်းနဲ့ ၂၆လမ်းထောင့် စတဲ့နေရာတွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  အသိပညာပေးအစီအစဉ်တွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ရောင်ပြန်စတစ်ကာ ကပ်ပေးခြင်းတွေ ဆောင်ရွက်တာပါ ။ဒါ့အပြင် အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပြုလုပ်တဲ့ လူမှုရေး၊ ကျန်းမာရေး၊ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှု ပညာပေးပွဲ စတဲ့ ပညာပေးအစီအစဉ်တွေမှာလည်း  ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ အသိပညာပေးတာတွေကို ပါဝင်ဆောင်ရွက်နေတယ်လို့ အမှတ်(၈၉) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သိုက်နိုင်ထွန်းက ပြောပါတယ်။ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ မန္တလေးမြို့မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအပြင် ဒုစရိုက်မှုတွေ လျော့နည်းပပျောက်စေဖို့အတွက် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။

 

 

 

Related News