အာရှအမျိုးသမီးယူ-၁၆ခြေစစ်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၆အသင်း အနေနဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် ယုံကြည်မှုရှိကြောင်း မြန်မာယူ-၁၆အသင်းနည်းပြက ပြောပါတယ်။ အာရှယူ-၁၆အမျိုးသမီး ပထမအဆင့်ခြေစစ်ပွဲစဉ်တွေထဲကမှ အုပ်စု(E)ရဲ့ ပွဲစဉ်တွေကို စက်တင်ဘာလ(၁၉) ရက်ကနေ (၂၃)ရက်ထိ နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ အုပ်စု(E)မှာ ပါဝင်နေတဲ့ မြန်မာ အသင်းဟာ အိမ်ရှင် နီပေါ၊ မလေးရှား၊ ဖိလစ်ပိုင်အသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပါတယ်။ မြန်မာ အသင်းအနေနဲ့ ခြေစစ်ပွဲအကြိုပြင်ဆင်မှုတွေအဖြစ် ပြည်တွင်းအသင်းတွေနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ထားတဲ့အပြင် ပြည်ပအသင်းဖြစ်တဲ့ စင်ကာပူယူ-၁၆ အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ပွဲစလုံးဂိုးပြတ် အနိုင်ရရှိထားခဲ့ပါတယ်။

ဒါ့အပြင် အိမ်ရှင်နိုင်ငံရဲ့ ရာသီဥတုနဲ့ ရန်ကုန်မြို့ရဲ့ ရာသီဥတုကွာခြားတဲ့အတွက် နီပေါနိုင်ငံရဲ့ ရာသီဥတုနဲ့ဆင်တူတဲ့ တောင်ကြီးမြို့မှာ တပတ်ကြာလေ့ကျင့်မှုတွေပြုလုပ်ထားပါတယ်။ အခုလို ပြင်ဆင်မှုတွေပြုလုပ်ထားတာကြောင့် ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် ယုံကြည်မှုရှိတယ်လို့ မြန်မာယူ-၁၆အသင်းနည်းပြက ပြောပါတယ်။လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၆အသင်းအနေနဲ့ ပဏာမကစားသမား (၂၅)ဦးနဲ့ ဖွဲ့စည်းထားပြီး ခြေစစ်ပွဲ အတွက်ကို အပြီးသတ်ကစားသမား(၂၃)ဦးကိုထပ်မံရွေးချယ်သွားမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၆အသင်း က စက်တင်ဘာလ(၁၇)ရက်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာ မယ်လို့ သိရပါတယ်။

 

 

Related News