ရန်ကုန်ယူနိုက်တက်အသင်းရဲ့မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား မောင်မောင်လွင်က 2018 ဆူဇူကီးဖလားပြိုင်ပွဲအတွက် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတာဝန်ရှိသူတွေက ရွေးချယ်တဲ့ ထွန်းတောက်လာနိုင်တဲ့ကစားသမား (၅)ဦးစာရင်းမှာ  ဖော်ပြခြင်း ခံခဲ့ရပါတယ်။2018 ခုနှစ်မှာ မောင်မောင်လွင်ကဟံသာဝတီယူနိုက်တက်အသင်းကနေ ရန်ကုန်ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှာခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။မောင်မောင်လွင်က မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေမှာသွင်းဂိုး (၇)ဂိုးနဲ့ AFC Cup  ပြိုင်ပွဲမှာသွင်းဂိုး(၃)ဂိုး သွင်းယူနိုင်ခဲ့သလို   မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ခဲ့တဲ့ 2018 Asian Games ပြိုင်ပွဲမှာလည်း မြန်မာ့လက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မြောက်ကိုရီးယားအသင်းနဲ့ ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။

မောင်မောင်လွင်အနေနဲ့ အခုလို ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲ အတွက် ထွန်းတောက်လာနိုင်တဲ့ ကစားသမားစာရင်းမှာ  ရွေးချယ်ခံခဲ့ရတာက အခုနှစ်မှာ ပြသထားတဲ့ ခြေစွမ်းပိုင်းတွေ ကြောင့်ပဲဖြစ် ပါတယ်။ မောင်မောင်လွင်က ရန်ကုန်ယူနိုက်တက်အသင်းနဲ့မြန်မာ့လက်ရွေးစင်အသင်းမှာပါ နည်းပြများရဲ့ နည်းစနစ်အတိုင်း     ကစားနိုင်တာကြောင့် နည်းပြများရဲ့သဘောကျခြင်းခံရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။မောင်မောင်လွင် အနေနဲ့ ၂၀၁၈   ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမစတင်မှီတုန်းက ထိုင်းကလပ်အသင်းတချို့က ကမ်းလှမ်းခဲ့ပေမဲ့လည်း ပြည်တွင်းကလပ် အသင်းမှာပဲ ကစားဖို့ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့ခဲ့တာ   ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ပြည်ပကလပ်အသင်းတွေကို သွားကစားဖို့အစီအစဉ်ရှိကြောင်းကိုလည်း သိရပါတယ်။မောင်မောင်လွင်က မြန်မာ့ လက်ရွေးစင် သက်တမ်းအလိုက်ပြိုင်ပွဲတွေကနေ စတင်ကာရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  အခုဆိုရင် မြန်မာ့လက်ရွေးစင် အသင်းကြီးမှာပါ ရွေးချယ်ခံရပြီး ပုံမှန်နေရာရနေသူတစ်ဦးအဖြစ် ရှိနေပါတယ်။မောင်မောင်လွင်နဲ့အတူ 2018 ဆူဇူကီးဖလားပြိုင်ပွဲမှာ ထွန်းတောက်လာနိုင်တဲ့ကစားသမား (၅)ဦးစာရင်းမှာပါဝင်လာသူ   တွေကတော့ ဗီယက်နမ်ကစားသမား ငုရင်ကွမ်ဟိုင် ၊ မလေးရှားအသင်းမှ ဆာဖာဝီရာဆစစ် ၊ အင်ဒိုနီးရှားအသင်းမှ စတီဖာနိလီလီပလီ နဲ့ ထိုင်းအသင်းမှ ဆာရာချက်တို့ပဲဖြစ်ပါတယ်။ 

 

 

Related News